ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၃၀
လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူကလေး ငယ်များအား ပိုမိုသိရှိစေရန်အတွက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက အ.ထ.က(ထန်းတပင်) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကာ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ (အခမဲ့) ထုတ်ဝေခြင်းဖြစ်ပြီး သတင်းစကား လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက်လွတ် လပ်ရေးနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်း ကောက်နုတ်ချက်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ကဗျာဆရာ ဖိုလေးလုံးသောင်းကိုကို ရေးသားသည့် “တို့များဆင်မြန်းလွတ်လပ်ပန်း” ကဗျာနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကဗျာတို့ ပါဝင်ကြောင်းလည်း သိရသည်။
သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ဆုလှိုင်နှင့် ဝန်ထမ်းများ၊ အ.ထ.က(ထန်းတပင်)ရှိ ဆရာ၊ ဆရာမများ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်