တိုက်ကြီး ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသော ဒေသန္တရအမိန့်အမှတ် (၄၁/၂၀၂၁)အား ပြည်သူများ သိရှိလိုက်နာနိုင်စေရေးအတွက် ယမန်နေ့ညပိုင်းအချိန်က မော်တော်ယာဉ်ဖြင့် လှည့်လည် အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသန္တရအမိန့်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း နိုင်ငံတကာ နှစ်သစ်ကူးအကြိုကာလနှင့် နှစ်ကူးနေ့ရက်တို့တွင် ဗျောက်အိုး၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း) များကို ပစ်ဖောက်ခြင်းများကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာ သူများမှ ရပ်ရွာအေးချမ်းတည်ငြိမ်ရေးကို ပျက်ပြားအောင် ပြုမူလာနိုင်ခြင်း၊ အခြားမလိုလား အပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် မည်သူမဆို ဗျောက်အိုး၊ မီးရှူး၊ မီးပန်း နှင့် မီးဒုံး(ရူးဒိုင်း)များအား သိုလှောင်ခြင်း၊ စုဆောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုရ။ မည်သူမဆို အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေရန် အလို့ငှာ ဗျောက်အိုး၊ မီးရှူး၊ မီးပန်း၊ မီးဒုံး(ရှူးဒိုင်း)များ ပစ်ဖောက်ခြင်း မပြုကြရန် နှင့် ဤအမိန့်အား လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
တိုက်ကြီးမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော အဖွဲ့များက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများအတွင်း အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန် မပျက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်