ရပ်စောက် ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီမှစတင်ကာ လမ်းသွားလမ်းလာများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ရှောင်တခင်စစ်ဆေးပေးခြင်းကို ဥတ္တံတားရပ်ကွက်၊ ရေကြည်ချောင်းအနီး၌ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများနှင့် မြို့ဝင်/မြို့ထွက် ဂိတ်များတွင် လမ်းသွားလမ်းလာ ပြည်သူများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ (အခမဲ့)ရှောင်တခင် စစ်ဆေးခြင်းလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူများအား မြို့နယ်ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ယခင်ကထက်ပိုမိုကျဆင်းလာကြောင်းနှင့် မြို့နယ် အတွင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာစုစုပေါင်း (၃၂၄၉) ဦး၊ ပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရရှိသူစုစုပေါင်း (၃၁၇၇)ဦး၊ ဆေးကုသမှုခံယူလျက်ရှိသူ ဦးရေစုစုပေါင်း (၆) ဦးနှင့် သေဆုံးလူနာစုစုပေါင်း (၆၆)ဦးရှိကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)