ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲများ ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၃၀

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို  ယနေ့နံနက် (၁၀)နာရီတွင် ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင် က လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် စာရေးဆရာမျိုးမြင့် (မြန်မာစာ) က ကျောင်းသား၊ ကျောင်းသူ လူငယ် လူရွယ်လေးများအား  လွတ်လပ်ရေးဆိုင်ရာ အသိပညာဗဟုသုတများသိရှိနားလည်ပြီး ဉာဏ်ရည် ထက်မြက်သည့် ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်စေရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ကာ နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် အနာဂတ်လူငယ်လူရွယ်များ ဖြစ်လာစေရေးနှင့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ဟောပြောသည်။

ဆက်လက်ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ လေးများအား  လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် ဉာဏ်စမ်းမေးခွန်းများမေးမြန်းခြင်း၊ မြန်မာရိုးရာစကားပုံဆက် ပြိုင်ပွဲများအားပြုလုပ်ပြီး တာဝန်ရှိသူများက ဆုရရှိသူများအား အမှတ်တရဆုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြသည်။

ဟောပြောပွဲသို့ လာရောက်ကြသည့် အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများအား ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း