ကျောက်တန်း ဒီဇင်ဘာ ၃၀
ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအရောက် နေ့စဉ်ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ညောင်ဝိုင်းကျေးရွာအုပ်စုရှိ ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ ကျွန်တော်တို့က “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသည့် နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေး အတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပါတယ်၊ ယနေ့အချိန်ထိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် လျှောက်ထားသူ (၇၅၇)ဦး၊အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်လျှောက်ထားသူ (၂၉၀၇)ဦး စုစုပေါင်း (၃၆၆၄)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်" လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်တန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်း လေးသွယ်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ခင်ဆွေဝင်း