ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသား ပြည်သူ (၁၉၃) ဦးကို တာဝန်ရှိများက လက်ခံကြိုဆို

တာချီလိတ် ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသား ပြည်သူ စုစုပေါင်း (၁၉၃) ဦးကို မြန်မာတာဝန်ရှိသူတို့က ယနေ့နေ့လယ် ၁၁ နာရီခွဲက မြန်မာ- ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)တွင် လက်ခံခဲ့ကြောင်း သိရသည်။

မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး (၂၈) ဦးနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာ​သော အမျိုးသား၊ အမျိုးသမီးစုစုပေါင်း (၁၆၅) ဦးကို တာချီလိတ် (အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးတင်ဦးကျော်နှင့် အဖွဲ့ဝင်များက ကြိုဆိုလက်ခံ ခဲ့ကြသည်။

၎င်းနေရပ်ပြန် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုများပြုလုပ်၍ ရောဂါပိုးတွေ့ရှိသူများကို သီးသန့် ထားရှိကာ ဆေးကုမှုပေးသွားမည်ဖြစ်ပြီး ရောဂါပိုး မတွေ့သူများကို ဝမ်လုံး Quarantine Centre တွင်ထားရှိ၍ (၃) ရက်​မြောက်နေ့နှင့် (၇) ရက်မြောက်နေ့တွင် နှာခေါင်းနှင့်အာခေါင်တို့ဖတ် (၂) ကြိမ် ထပ်မံရယူစစ်ဆေး၍ ရောဂါပိုးကင်းစင်သူများကို နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်ပြည်သူများကို လူကုန်ကူးမှုတိုက်ဖျက်နှိမ်နှင်းရေး ရဲတပ်ဖွဲ့က လူကုန်ကူးမှု အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များကို လည်းကောင်း၊ ကြက်ခြေနီအဖွဲ့ဝင်များက အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အသိပညာပေးစာစောင်များကိုလည်းကောင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)