ကျောက်မဲ ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာန ဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများက မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကာကွယ်ဆေးများ မဖြစ် မနေ ထိုးနှံကြရေး အသိပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ပေါ်နှင့် ကျေးရွာအုပ်စုသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့် အသိ ပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများ အနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကို စက္ကန့် (၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြ ရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်သွားလာကြရန်၊ ရောဂါပိုးကူးစက် ခံရသည်ဟု သံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူများအားလုံး က ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ကို ဒီဇင်ဘာလ နောက်ဆုံး အပတ်အထိသာ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်းတို့ကို လှည့်လည်ကာ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ဇွန် ၂၂ ရက်နေ့မှ ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီအထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူပေါင်း ၁၈၉၄ ဦး၊ ဆေးရုံတွင် ကုသဆဲကိုဗစ်လူနာ ၁၀ ဦး၊ ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူ ၁၀၇ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)