(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မောက်မယ်မြို့နယ် အ.ထ.က၌ ကျပန်းစကားပြော ပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

မောက်မယ် ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပျော်ရွင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်း အားကစားပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းတတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန် ထက်မြက်သည့် လူငယ်လူရွယ်လေးများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ပြီး ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုကျောင်းတွင်း အားကစားပြိုင်ပွဲတွင် အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို အတန်းလိုက်ပျော်ရွင်စွာ ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းအောင်ထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)