မိတ္ထီလာ ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်း ညှိနှိုင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ရေခွန်ပြေစာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်က စိုက်ပျိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုက မိုးသီးနှံစိုက်ပျိုးထွက်ရှိမှု အခြေအနေနှင့် မိုးကြိုသီးနှံအတွက် ယူရီးယားဓာတ်မြေသြဇာ သယ်ယူဖြန့်ဖြူးရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာ ရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမိုးထွေးက ၂၀၂၀-၂၀၂၁ခုနှစ်အတွက် ရေခွန်ကောက်ခံရရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာအုပ်စု လေးအုပ်စုရှိ ကွင်းပေါင်း (၁၂)ကွင်းမှ တောင်သူ ၃၁၀ဦး၏ ၃၂၃.၂၉ ဧကအတွက် ကောက်ယူရမည့် ရေခွန်ပြေစာများကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့ဝင်များက သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။ ၂၀၂၀-၂၀၂၁ခုနှစ်အတွက် ကောက်ခံရမည့် ရေခွန်မှာ (၆၁၇၈၇၀)ကျပ် ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)