နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

နောင်ချို ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက် ဖြင့် လှည့်လည်နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်း အတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန်မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉ နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိ ကာကွယ်ဆေးများ၏ ထိရောက်မှုလျော့ကျနိုင်ခြင်း၊ ယခင်ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံ ဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပမှ ဧည့်သည်များ လက်မခံပါ ရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ တတ်နိုင်သမျှ အိမ်မှာနေရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀)ကြာ ဆေးကြောကြရန်၊ လူထူထပ်သော နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင် ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့် အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ တတ်နိုင်သမျှ ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် စသည့် အသိပညာပေး လုပ်ငန်းများကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြ သည်။

ထွေးငယ်၊ (ပြန်/ဆက်)