မိုးနဲ ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးရုံး၌ ပဲပုပ်မျိုးစေ့ထုတ်နှင့် စံပြကွက် စိုက်ပျိုးမည့်တောင်သူများအား ရေဆင်း-၁၅ ပဲပုပ်မျိုးစေ့နှင့် သွင်းအားစုများထောက်ပံ့ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးက မျိုးစေ့များကို လယ်စပါး သီးနှံအပြီး သီးထပ်စိုက်ပျိုးနိုင်ရန်၊ မျိုးကောင်းမျိုးသန့်များ ပွားများသုံးစွဲလာနိုင်ရန်၊ ထွက်နှုန်း တိုးတက်ရေးနှင့် မြေဩဇာများစနစ်တကျ သုံးစွဲလာစေရန် စသည့်တောင်သူ နည်းပညာပေးရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စံပြကွက်စိုက်ပျိုးမည့် တောင်သူ ၃၅ ဦးအား ရေဆင်း-၁၅ ပဲပုပ် ၁၀ ကီလိုပါ အထုတ် ၃၅ ထုတ်နှင့် ဓာတ်မြေဩဇာများကိုလည်းကောင်း၊ တောင်သူနည်းပညာပေး လက်ကမ်းစာစောင်းများကိုလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)