ပေါင် ဒီဇင်ဘာ ၃၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းကို ယမန်နေ့ နေ့လည်ပိုင်းက သဲဖြူကုန်း ကျေးရွာအုပ်စု၊ ရဲပြားကုန်းကျေးရွာ၌ ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ သထုံခရိုင် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနဒုတိယ ညွှန်ကြားရေးမှူးဦးမိုးဝင်းမှ အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ ပြန့်ပွားစေရေး၊ စက်ချုပ်ပညာရပ်ကို အသုံးပြု၍ တပိုင်တနိုင်လုပ်ငန်း များမှတဆင့် ဈေးကွက်ဝင် အထည်များအဖြစ် ထုတ်လုပ်နိုင်စေရေးနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်အခမဲ့ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးဦးမိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးသိုက်ထွန်း နှင့်မြို့နယ် ကျေးလက်ဦးစီးမှူး ဦးကျော်ကျော်လတ်တို့က သင်တန်းတွင်လိုအပ်သည့် သင်ထောက်ကူ ပစ္စည်းများပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို သင်တန်းသူ(၂၃)ဦးအား တစ်လကြာဖွင့်လှစ် သွားမည်ဖြစ်ပြီးသင်တန်းတွင် စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်းလေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများချုပ်ခြင်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ နောက်ကွဲခါးတင်အင်္ကျီ၊ အမျိုးသမီးဝတ်ရင်ဖုံးအင်္ကျီ၊ စကဒ်ချုပ်နည်းအမျိုးမျိုး၊ တစ်နှစ်အရွယ်သုံး ဖြတ်ဆက် အတွန့် ဂါဝန်၊ ကလေးဝတ်ဘောင်းဘီရှည် စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားသွားမည် ဖြစ်ကြောင်းသိရသည်။
ပေါင်မြို့နယ် (ပြန်/ဆက်)