မြောက်ဦး ဒီဇင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာရရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းအား ယနေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျောင်းအတွင်း၌ ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ယာဉ်စည်း ကမ်းလမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ခင်မောင်စိုး၊ မြို့မရဲစခန်းမှူး ဒုရဲအုပ်တင်ဆွေ၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လူကုန်ကူးခံရမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ၊ လူကုန်ကူးခံရမှုနှင့် ပတ်သက်၍ ပြစ်မှု/ပြစ်ဒဏ်များ၊ ဥပဒေများနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် ဆက်စပ်နေသော ဥပဒေအကြောင်းအရာများအား ရှင်းလင်း ဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောရာတွင် မြောက်ဦးမြို့နယ်အတွင်း ယာဉ်တိုက်မှုအန္တရာယ် ကင်းရှင်းစေရေး၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် ကျောင်းတက်/ ကျောင်းဆင်းချိန် များတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယခုလိုလာရောက်ပြီး အသိပညာပေး ဟောပြောခဲ့ပြီးနောက် မြို့မရဲစခန်းမှူး ဒုရဲအုပ် တင်ဆွေမှ မူးယစ်ဆေးဝါးများနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွရူးသွပ်ဆေးပြားများ သုံးစွဲမှုကြောင့် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ ရောဂါလက္ခဏာများနှင့် ပြစ်မှုဆိုင်ရာ ဥပဒေအကြောင်းများအား ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)