နမ္မတူ ဒီဇင်ဘာ ၃၀
နမ္မတူမြို့နယ် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းနှင့် ကရုဏာအဖွဲ့အစည်း (လားရှိုး) တို့ ပူးပေါင်း၍ စိတ်ကျန်းမာရေးစောင့်ရှောက်ရေး ဆွေးနွေးပွဲကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့လယ်ဓမ္မာရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရှေ့ဦးစွာ မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းမှ တာဝန်ခံ ဦးအောင်ဆန်းမြင့် က အမှာစကားပြောကြားပြီး ကရုဏာအဖွဲ့အစည်း (လားရှိုး)မှ ဒေါ်ထွေထွေးလွင်က အကြပ်အတည်း ကာလအတွင်း စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီ စောင့်ရှောက်မှုပေးရန်အတွက် အသိပညာဗဟုသုတနှင့် ကျွမ်းကျင်မှုများ တိုးတက်စေရန် ရည်ရွယ်၍ စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီ စောင့်ရှောက်မှုက ဘာကြောင့်အရေးကြီးတာလဲ၊ စိတ်ကျန်းမာရေးပြဿနာများ၊ ကနဦးကူညီစောင့်ရှောက်ခြင်းများ၊ ရှေ့ဦး ကနဦး စောင့်ရှောက်ခြင်းများစသည့် အကြောင်းအရာများဖြင့် ဆွေးနွေးရှင်းလင်းခဲ့သည်။
ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာစာပေနှင့် ယာဉ်ကျေးမှုအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ တာဝန်ခံ ဦးအောင်ဆန်းမြင့်ထံက သိရသည်။
လူမော် (ပြန်/ဆက်)