ပန်းဘဲတန်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပ

ပန်းဘဲတန်း ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဝန်း အတွင်း၌ ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ပန်းဘဲတန်းမြို့နယ် ပညာရေးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်း ကျောင်း (၈) ကျောင်းမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူပေါင်း (၇၀) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။

မူလတန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများကို အာလူးကောက်ပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲ၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုတ်စည်း ထိုးပြိုင်ပွဲနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ဘော်လီဘောပြိုင်ပွဲတို့ ကျင်းပပေးခဲ့ ပြီး ပြိုင်ပွဲများအလိုက် ဆုရရှိသူများကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့၌ အခမ်းအနားဖြင့် ဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပန်းဘဲတန်း(ပြန်/ဆက်)