ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း မြေပုံမြို့နယ် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ တက်ရောက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်တွေ   ဒီဇင်ဘာ  ၃၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြေပုံမြို့နယ် အောက်ဆီဂျင် စစ်ရုံဖွင့်ပွဲသို့ တက်ရောက်ပြီး မြို့နယ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေပုံမြို့၊ တရုတ်တန်းရပ်ကွက်ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ ထည့်ဝင် လှူဒါန်းငွေဖြင့် တည်ဆောက်ကာ အောက်ဆီဂျင် ထုတ်လုပ်လျက်ရှိသော အောက်ဆီဂျင် စက်ရုံဖွင့်ပွဲသို့ တက်ရောက်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ မြို့မိ၊မြို့ဖ ဦးမောင်ချမ်းမြ တို့က အောက်ဆီဂျင် စက်ရုံအား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး အောက်ဆီဂျင်စက်ရုံ ဆိုင်းဘုတ်အား အမွှေး နံ့သာရည်များ ပက်ဖြန်းပေးကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများအား ဖွင့်ပွဲအထိမ်းအမှတ် အလံများပေးအပ်ပြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုး ပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်ရုံအတွင်း အောက်ဆီဂျင် ထုတ်လုပ်နေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြေပုံမြို့နယ် အငူကျေးရွာရှိ ရှေးဟောင် သမိုင်းဝင် ဗုဒ္ဓဘုရားရှင်၏ ရင်ရိုးတော် ဓာတ်စေတီတော်မြတ်အား သွားရောက်ဖူးမြော်ပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။

ဆက်လက်၍ စေတီတော်အား သက်ကြီးဝါကြီး သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ စိတ်အေး ချမ်းသာစွာ ဖူးမြော်နိုင်ရန် ဓာတ်လှေကားတတ်ဆင်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၆၆ သန်းဖြင့် အငူကျေးရွာ လှိုင်းကာကျောက်စီလှိုင်ကာနံရံနှင့် မြေသားလမ်း အလျား ၂၄၀၀ ပေ၊ အကျယ် ၂၄ ပေတည်ဆောက်ပြီးစီးနေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်း အဝေးခန်းမ၌ မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက် လာကြသော ဌာနဆိုင်ရာများ၊ မြို့မိ၊မြို့ဖများနှင့် တာဝန်ရှိသူများက မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးကြပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက နိဂုံးချုပ် အမှာစကား ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က မြေပုံမြို့နယ်အတွက် အားကစား ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေပုံမြို့ မြို့ပတ်လမ်းရှိ နတ်ချောင်းတံတား တည်ဆောက်နေမှု၊ မြို့မသင်္ဘောဆိပ်၊ ဆိပ်ခံတားအကြီးစား ပြုပြင်ရန်လိုအပ်မှု သွားရောက် ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်ကျေးလက်လမ်း ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌတို့က လိုက်လံရှင်းလင်းပြသကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေပုံမြို့အခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား သွားရောက် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)