တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပ

တံတားဦး ဒီဇင်ဘာ ၃၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ကျောင်းသား၊ ကျောင်းသူများက အားကစားပြိုင်ပွဲများကို  ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင် မူလတန်းအဆင့်ကျောင်းသား/သူများက ပူပေါင်းဖောက် ပြိုင်ပွဲ၊ မီတာ(၅၀)အကွာ အပြေးပြိုင်ပွဲ၊ မီတာ(၅၀)အကွာ အာလူးကောက်ပြိုင်ပွဲ၊ မီတာ(၅၀)အကွာ အိပ်စွတ် အပြေးပြိုင်ပွဲကို လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသူများက လွန်ဆွဲပြိုင်ပွဲကိုလည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ က ထုပ်ဆီးထိုးပြိုင်ပွဲကိုလည်းကောင်း အသီးသီးကျင်းပ လျက်ရှိကြောင်း အထက-တံတားဦး ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်ထံမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစားပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံကိုယ်စားပြု အားကစားသမားများ အဖြစ် လေ့ကျင့်ပြုစုပေးနိုင်ရေး၊ အားကစားစိတ်ဓာတ်ကို အခြေခံ၍ အချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှု ရှိစေရန်နှင့် စုပေါင်းပူးပေါင်း ပါဝင်ဆောင်ရွက်တတ်သော  အလေ့အကျင့်များရရှိစေရန် ဒါ့အပြင်လွတ်လပ်ရေးနေ့၏ အနှစ်သာရဖြစ်သော ပျော်ပွဲ၊  ရွှင်ပွဲများကို ခံစားရရှိနိုင်ရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတင့်(တံတားဦး)