ပျော်ဘွယ် ဒီဇင်ဘာ ၃၀
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် အားကစား ပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်၍ အခြေခံပညာ အလယ်တန်းကျောင်း (ကြက်တည်)တွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
“ယခုလို ပြိုင်ပွဲတွေကျင်းပပေးရတာကတော့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လွတ်လပ်ရေးနေ့ ကိုသိရှိစေဖို့၊ အမြတ်တနိုး တန်ဖိုးထားတတ်စေဖို့၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တတ်စေဖို့၊ လွတ်လပ်ခြင်းနှင့် မလွတ်လပ်ခြင်းဆိုတဲ့ အကြောင်းအရာတွေသိရှိစေဖို့အပြင် ကိုယ်ကာယကျန်းမာ ကြံ့ခိုင်စေရန်၊ စုပေါင်းဆောင်ရွက်တတ်တဲ့အလေ့ အကျင့်ကောင်းတွေရရှိုစေရန် ရည်ရွယ်ပြီးကျင်းပ ပေးတာဖြစ်ပါတယ်” ဟု အခြေခံပညာ အလယ်တန်းကျောင်း (ကြက်တည်)ကျောင်းအုပ်ဆရာကြီးက ရှင်းပြသည်။
အဆိုပါ ပြိုင်ပွဲများတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပူပေါင်း ဖောက်ပြိုင်ပွဲ၊ မုန့်ကောက်ပြိုင်ပွဲများကိုလည်းကောင်း၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများက မီတာ(၅၀)အပြေး ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် လွတ်လပ်ရေးနေ့ အခမ်းအနား၌ ဆုများပေးအပ်ချီးမြှင့်သွားဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး