မာန်အောင် ဒီဇင်ဘာ ၃၀
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ် ဆရာတော်(၁)ပါး အစားထိုးရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့မကျောင်းကြီး၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် အစားထိုးရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မင်းပြားမြို့ ပရိယတ္တိ ဓမ္မိကာရုံကျောင်းတိုက်၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဘဒ္ဒန္တဣန္ဒာစရိယ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) ဆရာတော်က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် အစားထိုး ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ အကျိုးတော်ဆောင်၊ စစ်တွေမြို့ မြို့မပရိယတ္တိစာသင်တိုက် နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင် ဘဒ္ဒန္တစရဏ (မဟာဂန္တဝါစကပဏ္ဍိတ)က ဆောင်ရွက်၍ မာန်အောင်မြို့နယ် ဆားချက်အနောက် ကျောင်းတိုက်၊ ပြည်နယ်သံဃနာယကအဖွဲ့ဝင် (သုဓမ္မာ) ဘဒ္ဒန္တဝါရိန္ဒက အဖွဲ့ဝင်အဖြစ် ဆောင်ရွက်တော်မူပြီး အခမ်းအနားကို ကြွရောက်တော်မူလာကြသော သံဃာတော်များ က``နမောတဿ´´အစချီဂါထာသုံးကြိမ်ရွတ်ဆိုဘုရား ကန့်တော့ဖွင့်လှစ်ခဲ့သည်။
ထို့နောက် အခမ်းအနားမှူးက အစားထိုးရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့၊ ဖွဲ့စည်းမိန့်ကို ဖတ်ကြားပြီး၊ သဘာပတိ ဆရာတော်မှ သြဝါဒကထာမိန့်ကြားကာ အစားထိုးရွေးချယ်ပွဲသို့ ကြွရောက်တော်မူလာကြသော သံဃာအရေအတွက် စာရင်းကို ဖတ်ကြား၍ အစည်းအဝေး အထမြောက်ကြောင်း ကြေငြာသည်။
ယင်းနောက် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ်လောင်း ဆရာတော်(၁)ပါး အဆိုပြု အမည်စာရင်း တင်သွင်းမည့် ပုဂ္ဂိုလ်ဖိတ်ခေါ်ရာ ကမားကျောင်း ဆရာတော် ဘဒ္ဒန္တဝရုဏမှ မြို့မကျောင်းကြီးခန်းနေ ဆရာတော် ဘဒ္ဒန္တတိက္ခဉာဏ (သာသနဓဇဓမ္မာစရိယ)အား အဆိုတင်သွင်းရာ မောင်းမကံကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တရက ထောက်ခံပြီး သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြောက်ခံသည့် ပုဂ္ဂိုလ်အားဥက္ကဋ္ဌ၊ သဘာပတိ ဆရာတော်မှ အတည်ပြုချက် ရယူလျက် သံဃာတော်များက ``သာဓု´´သုံးကြိမ်ခေါ်ပြီး အခမ်းအနားကို ``ဗုဒ္ဒဿသနံ စရံတိဋ္ဌတု´´သုံးကြိမ်ရွတ်ဆို အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)