ရသေ့တောင်မြို့၌ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များသို့ ဂုဏ်ပြုလွှာများပေးအပ်

ရသေ့တောင် ဒီဇင်ဘာ ၃၀

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှအလှူငွေများ ထည့်ဝင်လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များသို့ ဂုဏ်ပြုလွှာများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီ နာယက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က အဖွင့်အမှာစကားပြောကြားပြီး အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဦးသန်းနိုင်နှင့် ဘဏ္ဍာရေးမှူး ဦးဦးသာဇံတို့က စက်ရုံဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များနှင့် ရငွေ၊ သုံးငွေစာရင်းများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီမှ ရသေ့တောင်မြို့နယ်အတွင်း တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများသို့ အောက်ဆီဂျင်အိုးများ ပေးအပ်ခဲ့သည်။ ယင်းနောက် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များသို့ ဂုဏ်ပြုမှတ်တမ်းလွှာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်ရုံဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ပြည်တွင်း/ပြည်ပ စေတနာရှင်ပြည်သူများမှ ထည့်ဝင်လှူဒါန်းငွေများဖြင့် တည်ဆောက်ခဲ့ပြီး တစ်ရက်လျှင် အောက်ဆီဂျင်(၄၀)လီတာဆံ့အိုး(၇၆)လုံးထုတ်လုပ်နိုင်ပြီး မြို့နယ်အတွင်း တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

အောင်စံထွန်း(ပြန်/ဆက်)