ဥတ္တရသီရ ဒီဇင်ဘာ ၃၀
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းပြုလုပ်နည်းဖြစ်သည့် ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၂၉)ရက်နေ့က ဥတ္တရသီရိမြို့နယ်၊ မိုးစွေအုပ်စု မိုးစွေ KC ခန်းမဆောင်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအွမ်တမ်ဟုန်းမှ အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်လမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ် ၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော် ရည်ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားပြီးနောက် သင်ထောက်ကူပစ္စည်းများအား ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ သင်တန်းနည်းပြ ဒေါ်ဇင်ဇင်အေးက သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ ဥတ္တရသီရိမြို့နယ်အတွင်းရှိ သင်တန်းသား/သင်တန်းသူ(၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၀)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)