ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၃၀
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့်အားကစားပြိုင်ပွဲများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းထံမှသိရသည်။
မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့်အထက်တန်း အဆင့်ခွဲကာ အားကစားနည်း (၆)မျိုးတို့ ပါဝင်သွားမည်ဖြစ်ကာ မူလတန်းအဆင့်တွင် မီတာ(၅၀) အပြေးပြိုင်ပွဲနှင့်မီတာ(၅၀)အာလူးကောက်ပြိုင်ပွဲ၊ အလယ်တန်း အဆင့်တွင် မီတာ(၁၀၀) အပြေး ပြိုင်ပွဲနှင့် အပ်မြီးထိုးပြိုင်ပွဲ၊ အထက်တန်းအဆင့်တွင် မီတာ(၁၀၀)အပြေးပြိုင်ပွဲနှင့် စကောရွက် ပြိုင်ပွဲတို့ ပါဝင်သွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်အဆင့်အားကစားပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲမှတဆင့် နိုင်ငံကိုယ်စားပြုအားကစား သမားများအဖြစ် လေ့ကျင့်ပြုစုပေးနိုင်ရန်၊ အားကစား စိတ်ဓာတ်ကို အရင်းခံ၍ အချင်းချင်းချစ်ခင် ရင်းနှီးမှု၊ ဇွဲရှိမှု၊ သည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ အသင်းအဖွဲ့ စိတ်ဓာတ်ရှိမှု စည်းကမ်း ဥပဒေများကို လေးစားလိုက်နာမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ နိုင်ငံသားကောင်းများဖြစ်မှုစသော ကောင်းမြတ်သော အရည်အသွေးကောင်းများ ရရှိလာစေရန် နှင့်လွတ်လပ်ရေးနေ့၏ အနှစ်သာရဖြစ်သော ပျော်ရွှင်မှုများကို ခံစားရရှိနိုင်ရန် ရည်ရွယ်၍ ပြိုင်ပွဲကိုကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်