ကျောက်မဲ ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ဗဟိုဈေးကြီးအတွင်းရှိ တိုင်းရင်းဆေး အရောင်းဆိုင်များနှင့် အလှကုန် ရောင်းချသည့် အရောင်းဆိုင်များအား ယနေ့ နံနက် ၁၀ နာရီ ခွဲ အချိန်က မြို့နယ်တိုင်းရင်းဆေးကုဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိ များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျောက်မဲမြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မျိုးမျိုးသန့်၊ ကျောက်မဲခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးဒေါ်ဥမ္မာလင်းနှင့်ဝန်ထမ်းများတို့က တိုင်းရင်းဆေး အရောင်းဆိုင် များ၌ မှတ်ပုံတင်ခြင်း မပြုရသေးသည့်ဆေးဝါးများ၊ သက်တန်းလွန်ဆေးဝါးများနှင့် ရောင်းချရန် တားမြစ်ထားသည့် ကိုဗစ်နိုင်ဆေးလျှက်ဆားတံဆိပ်ပါ ဆေးဝါးများ ရောင်းချမှုရှိ/ မရှိတို့ကို လည်းကောင်း၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် ဆိုင်တင်ရောင်းချနေ သည့် ပစ္စည်းများ၌ သတ်မှတ်ကုန်အညွှန်း အမှတ်အသားများပါရှိမှုရှိ/မရှိ ၊ သက်တမ်းလွန် ပစ္စည်းများ ဆိုင်တင်ရောင်းချ နေမှုရှိ/မရှိ တို့ကိုလည်းကောင်း စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဆိုင်ပိုင်ရှင်များအား တားမြစ်ကုန် ပစ္စည်း/ဆေးဝါးများ၊ သက်တန်းလွန်ပစ္စည်း/ ဆေးဝါးများ၊ မှတ်ပုံတင်ခြင်း မပြုရသေးသည့် ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
ကျောက်မဲခရိုင် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ကျောက်မဲမြို့နယ်ရှိ ကုန်စုံဆိုင်များ၊ မုန့်တိုက်များ၊ သောက်ရေသန့်စက်ရုံများ၊ မုန့်၊ ခေါက်ဆွဲ ထုတ်လုပ်သည့် လုပ်ငန်းများ၊ စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင်များ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် တိုင်းရင်းဆေး အရောင်းဆိုင်များကို လစဉ်ပုံမှန် စစ်ဆေးလျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက် အရသိရသည်။
မိုင်းထွန်း