မောက်မယ် ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ စာအုပ်စာပေ ချစ်မြတ် နိုးသူများ ပိုမိုတိုးပွာလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များအား မျှဝေ တတ်စေရန်၊ စာဖတ်သည့် အလေ့အထများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာပြီး အသိပညာ ဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ဦးဆောင်ပြီး စာပေချစ်သူများအသင်းနှင့် ဒီဇင်ဘာ ၂၈ ရက်နေ့ နေ့လယ် ၃ နာရီတွင် စာရေးဆရာ ကျော်ကျော်လှိုင် ရေးသား ထားသော တန်ဖိုးရှိသောနေ့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမိုခမ်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်သူများ အသင်းဝင်များက စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားထားသော တန်ဖိုးရှိသော နေ့စာအုပ်တွင် ပါရှိသည့် ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် စာပေပရိတ်သတ်များ၊ စာပေဝါသနာရှင်များက သိရှိလိုသည်များကို မေးမြန်းကြပြီးနောက် အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်းနှင့် အဆိုပါ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့် (မောက်မယ်)