မိုင်းကိုင် ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး က အဖွင့်အမှာစကားပြောကြားပြီးနောက် (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား နှင့် အားကစားပြိုင်ပွဲများကို ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေး ဆွေးနွေးခြင်း၊ ပြိုင်ပွဲကျင်းပမည့် နေရာနှင့် အားကစားနည်းများအား ရွေးချယ် သတ်မှတ်ခြင်း၊ ဆုချီးမြှင့်ခြင်း အစီအစဉ်များ၊ တာဝန်ခွဲဝေ ဆောင်ရွက်မှုများကို အသီးသီး ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။
သို့ဖြစ်၍ မိုင်းကိုင်မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစား ပြိုင်ပွဲများအဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် အမျိုးသမီး/အမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲများကို ဇန်နဝါရီလ ၄ ရက်နေ့တွင် မြို့မအားကစား ဘောလုံးကွင်း၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)