သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron(အိုမီခရွန်) ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်

သိန္နီ ဒီဇင်ဘာလ ၂၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက် (၁၀:၃၀)နာရီအချိန်က မြို့ပေါ် ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဗီဇပြောင်း (အိုမီခရွန်)ရောဂါသည် ကိုဗစ်-၁၉ နှင့် လုံးဝမတူခြင်း၊ ယခင် ကိုဗစ်-၁၉ ဖြစ်ပွားသူများသည်လည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့်နေအိမ်ပြင်ပ ထွက်ခွါပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ အရာဝတ္ထု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောပေးရန်၊ လက်ကိုဆေးကြောခြင်း မပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ရန်၊ အပြင် ထွက်ရာက ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များကို စနစ်တကျစွန့်ပစ်ရန်၊ ရောဂါပိုး ကူးစက် ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍မပျက်မကွက် ဆေးကုသမှု ခံယူရန်၊ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက် ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် နိုင်ရန် မိဘပြည်သူအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အိဇာချို(ပြန်/ဆက်)