ဟိုပန် ဒီဇင်ဘာ ၂၉
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ ဟိုပန်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ "ပန်းခင်း" စီမံချက်ဖြင့် ဆောင်ရွက် ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (တတိယအကြိမ်) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က ဟိုပန် မြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည့် "ပန်းခင်း" စီမံချက်နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဥက္ကဋ္ဌနှင့် တိုင်း/ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက "ပန်းခင်း" စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အသက်(၁၆)နှစ်အထက် ဒေသခံတိုင်းရင်းသားပြည်သူများ ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ရာ ဟိုပန်မြို့နှင့် ပန်လုံမြို့တို့မှ ကိုးကန့် တိုင်းရင်းသားကတ်ပြား(၁၁၅)ခု၊ စံပြကျေးရွာမှ ကတ်ပြား(၅၂)ခု၊ ဟိုပန်မြို့နယ်အတွင်းရှိ ဒေသခံ "ဝ"တိုင်းရင်းသားကတ်ပြား (၆၅)ခု၊ လားဟူ တိုင်းရင်းသားကတ်ပြား(၄၇)ခု၊ မိန်းပန်း ရှမ်းရပ်ကွက်၊ မိန်းပန်းလွယ်ရပ်ကွက်များနှင့် မော်ဟွေ့၊ ဖတ်ဟာ၊ ရွှေဝါ၊ ပန်ကောက်၊ နောင်မို ကျေးရွာအုပ်စုများရှိ ပြည်သူကတ်ပြား(၂၇၆)ခု၊ ရုံးကုန်းရပ်ကွက်မှ ကတ်ပြား(၃၈)ခု၊ ပန်လုံမြို့ ဒေသခံပြည်သူ တိုင်းရင်းသားကတ်ပြား (၆၃)ခု စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၅၆) ခု အား သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်များမှ အသီးသီးလက်ခံ ရယူခဲ့ကြပြီး ဒေသခံတိုင်းရင်းသား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးညွှန့်နှင့် ဟိုပန်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းဦး တို့က ဟိုပန်မြို့နယ်နှင့် ပန်လုံမြို့(ရှေ့တန်း)ရုံးများရှိ တိုက်နယ် အဖွဲ့ခေါင်းဆောင်များနှင့် တိုက်နယ်မှူးများအား ၂၀၂၂ ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့တွင် အပြီး ဆောင်ရွက်ရမည့် တိုက်နယ်အလိုက် စီမံကိန်း တာဝန်များအား ပေးအပ်ခဲ့ကြသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဟိုပန်မြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား "ပန်းခင်း" စီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှ စတင်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်၍ လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ပထမအကြိမ် တွင် ကတ်ပြား(၄၈၃)ခု၊ ၂၀၂၁ ခုနှစ် ၊ အောက်တိုဘာလ ၅ ရက်နေ့ ဒုတိယအကြိမ်တွင် ကတ်ပြား(၁၉၉)ခု၊ ယနေ့ တတိယအကြိမ်တွင် ကတ်ပြား(၆၅၆)ခု စုစုပေါင်း ယနေ့အထိ အိမ်ထောင်စုလူဦးရေစာရင်း(၂၃၁)ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၃၃၈)ခုတို့အား ပေးအပ်ခဲ့ပြီးဖြစ် ကြောင်း ဟိုပန်မြို့နယ် ဦးစီးမှူးရုံးမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)