ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်

နေပြည်တော်   ဒီဇင်ဘာ  ၂၉

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရာယ်များအနက်မှ ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍မရသည့်အပြင် ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ငလျင်ဘေး ဖြစ်ပွားလာပါက မည်သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို သိရှိလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ငလျင်ဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကို ယနေ့ နံနက် (၁၀)နာရီခွဲ တွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ စာသင်ကျောင်းများတွင် ပညာလေ့လာဆည်းပူးနေသော ကျောင်းသား/ ကျောင်းသူများအနေဖြင့် ငလျင်ဘေးအန္တရာယ် ကျရောက်ချိန်တွင် မည်သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို သိရှိထားရန် လိုအပ်သကဲ့သို့ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် နေပြည်တော်ကောင်စီ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးအနေဖြင့် သက်ဆိုင်ရာ တိုင်းခရိုင်၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငလျင်ဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက် လျင်မြန် စွာ ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကို လက်တွေ့ပြုလုပ်ရာ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ပရဟိတအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းအတွက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းများ၊ လက်ကမ်းစာဆောင်များနှင့် လက်သန့် ဆေးရည်များကိုပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)