ဇမ္ဗူသီရိ ဒီဇင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း များကို ဆောင်ရွက်ခဲ့ကြ သည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့ များ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ် ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှု ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာပြီး မိမိတို့နိုင်ငံ တွင်လည်း ၂၈-၁၂-၂၀၂၁ ရက်နေ့တွင် စတင်တွေ့ရှိပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက် ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရမည် ဖြစ်သော်လည်း ကြောက်စရာ မဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ ပြင်ပထွက်တိုင်း Mask တပ်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသော စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာ ကျင့်သုံးသွားကြပါရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)