မလှိုင် ဒီဇင်ဘာ ၂၉
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲတွင် လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ပတ်သက်၍ နိုင်ငံရေး၊ စည်းရုံးရေး ဆောင်ရွက်ချက်မှတ်တမ်းများ၊ ဗိုလ်ချုပ် မိန့်ခွန်း ကောက်နှုတ်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်၊ ၂ဝ၂၂ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ မြို့နယ်အတွင်း ဆောင်ရွက်ချက်မှတ်တမ်းများ စသည့် အသိပညာ ပေး နံရံကပ်စာစောင်များကို ပြသခဲ့သည်။
ထို့အပြင် အများပြည်သူ လေ့လာကြည့်ရှုနိုင်စေရန် ဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ် (၁ဝဝ) ကျော် ကိုလည်း ပြသခဲ့သည်။ အဆိုပါ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲသို့ မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များနှင့် စိတ်ပါဝင်စားသူများ လာရောက်လေ့လာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)