ကျေးသီး ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၂၂ ခုနှစ်၊ ဇန်န်ဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက်နေ့မွန်းလွဲ (၂)နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲများတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား စာစီစာကုံးပြိုင်ပွဲများ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲများ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲနှင့်အဝတ် (အင်္ကျီ)လဲပြိုင်ပွဲများကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများ အသီးသီးချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြတ်မြတ်ထံမှ သိရသည်။
နန်းမွမ်းဆိုင်(ကျေးသီး)