သီပေါမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်

သီပေါ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင် သန်စွမ်းစေရန်၊ ဉာဏ်ရည်ထက်မြက်စေရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန် ရည်ရွယ်၍ ကျောင်းတွင်း အားကစား ပြိုင်ပွဲများကို ပြုလုပ်ကျင်းပလျက်ရှိရာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်း၌ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးက ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန် ရှင်းလင်းပြောကြားခဲ့ပြီး မူလတန်းအဆင့် မီတာ ၁၀၀အပြေးပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပူပေါင်းဖောက် ပြိုင်ပွဲ၊ အလယ်တန်း/အထက်တန်းအဆင့် ထုတ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲများ စသည့် အားကစား ပြိုင်ပွဲများ ပြုလုပ်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မူလတန်းအဆင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သည့် ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် အလယ်တန်း၊ အထက်တန်းဆင့်ပြိုင်ပွဲ၊ ဗိုလ်လုပွဲများကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆက်လက်ယှဉ်ပြိုင်ကာ ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး