တာလေ ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ လော်ခါးကျေးရွာတွင် သောက်သုံးရေ ပြတ်လပ်မှုအခက်အခဲများ မရှိစေရေးနှင့် ကျေးရွာအတွက် သောက်သုံးရေ လုံလောက်စွာရရှိစေရေး စိမ့်စမ်းရေထွက်နေရာနှင့် သောက်သုံးရေသွယ်ယူခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ၂၈ ရက်မှ စတင်၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဒေးဗစ်နှင့် ဒေသခံ ကျေးရွာလူထုက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအချို့၌ နွေကာလတွင် ရေဦး ရေဖျား ရေခမ်းခြောက်ခြင်းနှင့်သောက်သုံးရေ ပြတ်လပ်မှုအခက်အခဲများ မရှိစေရေးနှင့် သောက်သုံးရေ လုံလောက်စွာရရှိစေရန် ယခု ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ နားယောင်းကျေးရွာအုပ်စု၊ လော်ခါးကျေးရွာအတွက် သောက်သုံးရေ သွယ်လုပ်ငန်းဆောင်ရွက်ရန် ငွေကျပ်သိန်း (၁၀၀)အား ခွင့်ပြုချထားပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ပြီးစီးပါက ကျေးရွာအတွင်း သောက်သုံးရေပြတ်လပ်မှုများ မရှိတော့ဘဲ ရေလုံလောက်စွာ သုံးစွဲနိုင်တော့မည် ဖြစ်သည်။
အဆိုပါ သောက်သုံးရေသွယ်ယူခြင်းလုပ်ငန်းတွင် ရေပိုက်လိုင်းသွယ်တန်းမည့် စိမ့်စမ်းရေ ထွက်နေရာမှ ကျေးရွာအထိ အကွာအဝေးမှာ ၂ မိုင် ၂ ဖာလုံရှိပြီး ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် အတွင်း VDP လုပ်ငန်းစီမံကိန်း ရန်ပုံငွေ ကျပ်သိန်း (၁၀၀) အား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုချထားပေးခဲ့ပြီး ၂ လက်မပိုက် (၉၀၀) ကျော်ဖြင့် ပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဒေးဗစ်ဦးဆောင်၍ ဒေသခံကျေးရွာ လူထု၏ စုပေါင်းပါဝင်မှုအားဖြင့် လုပ်ငန်းများကို ဒီဇင်ဘာ ၂၈ ရက်က စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)