သီပေါမြို့နယ်တွင် ပဲတိုင်ထောင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်ဝင်ငွေရရှိ

သီပေါ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နောင်ကတ်ကျေးရွာ၌ စိုက်ပျိုးရေး တောင်သူများသည် ပဲတိုင်ထောင်စိုက်ခင်းများ စိုက်ပျိုးကာ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်ဝင်ငွေရရှိလျက် ရှိကြောင်း သိရသည်။

ပဲတိုင်တောင်ကို တစ်တန်းနှင့်တစ်တန်း ၃ပေခြားပြီး တစ်ပင်နှင့်တစ်ပင် ၉လက်မ သို့မဟုတ် ၁၂လက်မခြားပြီး စိုက်ပျိုးရကြောင်း၊ အပင်ရှည်လာသောအခါ အပင်အောက်ခြေတွင် ဝါးတိုင်များ ထောင်ပေးရကြောင်း၊ ရေဝပ်ခြင်းကင်းစေရန်အတွက် စိုက်တန်းနှစ်တန်းကြားတွင် ရေနှုတ်မြောင်း ပြုလုပ် ပေးရကြောင်း၊ အပင်ငယ်စဉ် ပိုးမွှားအန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးဖျန်းပေးရကြောင်း၊ ပဲတိုင်ထောင်ကို စက်တင်ဘာလလယ်မှ စတင်ကာ စိုက်ပျိုးရောင်းချခဲ့ပြီး အတောင့် ၁၀၀စည်း တစ်စည်းကို ဖောက်သည်ဈေး ငွေကျပ် ၁၃၀၀ဈေးဖြင့် ရောင်းချရကြောင်း၊ တစ်ရက်တစ်ခါ ခူးဆွတ်ရောင်းချသောကြောင့်  နေ့စဉ်ဝင်ငွေရရှိကာ မိသားစု စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း နောက်ကတ်ကျေးရွာမှ ပဲတိုင်ထောင် စိုက်ပျိုးရောင်းချသူ ဦးပူဆရာက ပြောပြခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် နောင်ကတ်ကျေးရွာသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သည့် ကျေးရွာ ဖြစ်သောကြောင့်  ရာသီအလိုက် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြပြီး တစ်ချို့က တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသလို တစ်ချို့က စီးပွားဖြစ် စိုက်ပျိုးရောင်းချသူများလည်းရှိကြောင်း သိရသည်။

ခင်လေး