မော်လမြိုင် ဒီဇင်ဘာ ၂၉
ကျေးလက်နှင့်မြို့ပြ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့ ရည်ရွယ်လျက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့နယ်၊ ကော့ပေါက်ကျေးရွာအုပ်စုသို့ ရောက်ရှိကာ အခြေခံပညာ အထက်တန်းကျောင်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး အားကစားပစ္စည်းများ ထောက်ပံ့၍ ကော့ပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်ကို ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပေးသည်။
ဆက်လက်၍ ကော့တွန်-ကော့ပေါက် ကျေးရွာချင်းဆက်လမ်းအား လည်းကောင်း၊ ကော့တွန် လှေဆိပ်နှင့် ကျေးလက် ကျန်းမာရေးဌာနအား ကြည့်ရှုစစ်ဆေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကော့တွန် ကျေးရွာအုပ်စု ကုန်ထုတ်လမ်းမြေသားညှိခြင်း ဆောင်ရွက်မည့် မြေနေရာအား လည်းကောင်း၊ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းကျင်းနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် ကော့စိန်ရွာသစ် ဆိပ်ကမ်း(၃၇၀)ပေ ကမ်းထိန်းနံရံ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများကို ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အချိန်မီပြီးစီးစေရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား သက်ဆိုင်ရာအလိုက် လိုအပ်ချက်များကို တင်ပြဆောင်ရွက် ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း လမ်းညွှန် မှာကြားကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)