တွံတေး ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ယနေ့နံနက် ၉နာရီအချိန်က မင်းပိုင်ရပ်ကွက်ရှိ တောင်ပေါ်နဒ္ဒဝန်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံများ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ၂၀၂၁ ခုနှစ် မေ(၃)ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ(၇၃)အုပ်စုတွင် အသက်(၁၆)နှစ်မှ (၁၈)နှစ်ကြား ပြည်သူများနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးရမည့် လူဦးရေ စုစုပေါင်း (၂၁၈၄၇) ဦးအနက် ယမန်နေ့ထိ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပြီးစီးသူ (၁၁၃၁၀) ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု (၇၁)အုပ်စုအား ကွင်းဆင်းဆောင်ရွက် ပေးနိုင်ခဲ့ပြီး ကျန်ရှိနေသော ရွှေဆံတော်ရပ်ကွက်နှင့် စျေးသစ်ရပ်ကွက်(၂) ရပ်ကွက်ကိုလည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တွံတေးသား