ခရမ်းမြို့နယ် ညောင်ပင်သာ ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ခရမ်း ဒီဇင်ဘာ ၂၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော နိုင်ငံသား အရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေး အတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈) နာရီအချိန်ကစတင်၍ ခရမ်းမြို့နယ်၊ ညောင်ပင်သာ ကျေးရွာတွင် ခရမ်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်း နှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်း ရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

မောင်းမကျေးရွာတွင် ကျေးရွာနေပြည်သူများနှင့် အလက(ညောင်ပင်သာ) အလယ်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူ(၃၇)ဦးနှင့် ကျေးရွာနေပြည်သူ (၁၂၀)ဦး စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၇)ဦး တို့ကို ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်၍ ခရမ်းမြို့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်း၊ အလက (ညောင်ပင်သာ) ကျောင်းအုပ်ဆရာမကြီးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့က နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ခရမ်း)