ငါ့သရောက်မြို့ တပြားဆည်ရေဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ

ငါ့သရောက် ဒီဇင်ဘာ  ၂၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ယခုနှစ် မိုးရွာသွန်းမှု ကောင်းမွန်ခဲ့ခြင်း ကြောင့် တပြားဆည်တွင် ရေများစွာဝင်ရောက်ခဲ့ပြီး၊ အဆိုပါ ဆည်ရေကို အမှီပြု၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသူများ ပုံမှန်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိုးအလွန် ဆောင်ရာသီကာလတွင် တပြားဆည်မှ ရေကို အမှီပြု၍ ငါ့သရောက်မြို့ အမှတ်(၂) ပျဉ်းပင် ရပ်ကွက်နေ ဒေသခံပြည်သူများသည် မီးဖိုချောင်သုံးစားပင် သီးပင်များဖြစ်သည့်၊ ကြက်သွန်၊ နံနံပင်၊ မုန်ညှင်း၊ ဆလပ်ဥဖြူ၊ ချဉ်ပေါင်မျိုးစုံ၊ ရေကန်စွန်း၊ ကိုက်လန်၊ ခရမ်းချဉ်၊ ခရမ်းသီး အစရှိသည့် သီးပင် စားပင်များအပြင်၊ မေမြို့ပန်း၊ ဂန္ဓမာပန်း အစရှိသည့် ဘုရားပန်းများကိုပါ စိုက်ပျိုးရောင်းချကြကြောင်း သိရပြီး၊ ရရှိလာသည့် သီးပင်စားပင်နှင့်ဘုရားပန်းများကို (၅)ရက် တစ်ဈေးဖြစ်သည့် ဗိုလ်ချိုဈေးတွင် လက်လီ/လက်ကား ရောင်းချကြကြောင်းသိရသည်။ အဆိုပါ တပြားဆည်ရေဖြင့် စိုက်ပျိုးဖြစ်ထွန်းသည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းဖြင့် မိသားစု နေ့စဉ်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း အမှတ်(၂) ပျဉ်း ပင်ရပ်ကွက်မှ စိုက်ပျိုးရေးလုပ်ကိုင်သူ ဦးဝင်းအောင်ထံမှ သိရသည်။

ဖြိုးဝေ(ပြန်/ဆက်)