စဉ့်ကိုင် ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုရှိပြည်သူလူထုနေအိမ်များအား အိမ်နံပါတ် တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက တရုတ်စု၊ ရန်နိုင်၊ ရန်အောင်မြင်ရပ်ကွက်များရှိ နေအိမ်များတွင် ကွင်းဆင်းတပ်ဆင်ပေးလျက်ရှိ ကြောင်းသိရသည်။
အိမ်နံပါတ်များ ကွင်းဆင်းတပ်ဆင်ဆောင်ရွက်ရာသို့ စဉ့်ကိုင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဝင်းစိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူး ဇော်ဝင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးတင်မောင်လွင်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးအောင်ဆွေဦး၊ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ခံ ဦးဇော်မျိုးထွန်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေး ဝန်ထမ်းများက အိမ်နံပါတ်များ တပ်ဆင်နေမှုကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
စဉ့်ကိုင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ လမ်းမကြီး၊ လမ်းသွယ်များတွင် အိမ်ခြေ၊ အိမ်ထောင်စု၊ အသက်(၁၈)နှစ်အထက်/အောက် လူဦးရေစာရင်းများ ပြုစုထားရှိမှုအပေါ် အိမ်ခြေများအား အိမ်နံပါတ်တပ်ဆင်ရေး ဆောင်ရွက်လျက်ရှိရာ ရပ်ကွက်/ကျေးရွာအုပ်စု(၅၃) အုပ်စု၊ ကျေးရွာပေါင်း (၁၆၃)ရွာတွင် အိမ်ခြေပေါင်း (၂၉၀၀၀)ကို တပ်ဆင်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။
ညိုညိုဝင်း