ချမ်းအေးသာစံမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ

ချမ်းအေးသာစံ   ဒီဇင်ဘာ   ၂၉

မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် အမှတ် ( ၅) အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ယင်းအားကစားပြိုင်ပွဲများကို ကလေးငယ်များ၏ ကာယစွမ်း ရည်တိုးတက်စေရေး၊ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းစေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိစေရေးတို့ကို ရည်ရွယ်၍  ကျောင်းတွင်း အားကစားပြိုင်ပွဲကို စီစဉ်ကျင်းပခဲ့ဖြစ်ပြီး ထုပ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂွန်နီအိတ်စွတ်ပြိုင်ပွဲ၊ မီတာ ၅၀ အပြေးပြိုင်ပွဲများကို  အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာ ပြိုင်ပွဲများအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများတွင် ပြိုင်ပွဲအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများကို ချမ်းအေးသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ် ပညာရေးမှူး၊ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်