ကျောက်ဆည်မြို့နယ်တွင် မိုးစပါး (၅၂၇၉၉)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး (၂၄၂၈၁)ဧက ရိတ်သိမ်းပြီးဖြစ်

ကျောက်ဆည်   ဒီဇင်ဘာ   ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံစေရေးအတွက် (၂၀၂၁-၂၀၂၂) ခုနှစ်တွင်  မိုးစပါးစိုက်ဧက (၅၂၇၉၉)ဧက လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အချိန်အထိ ရိတ်သိမ်းပြီး မိုးစပါး ဧကပေါင်း (၂၄၂၈၁)ဧက ရိတ်သိမ်းပြီးကြောင်းနှင့် စပါးတင်းပေါင်း (၂၂၆၅၈၃၂)တင်းထွက်ရှိကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနော် စပါးမျိုးများ အဓိက စိုက်ပျိုးထားပြီး ဧရာမင်း စပါး (၁၈၄၈၃)ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်း(၉၁.၁၇) တင်း၊ မနောသုခစပါး (၅၃၁၈)ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်း (၉၉.၈၃)တင်းနှင့် ရွှေမနော်စပါး (၄၈၀)ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်း (၁၀၃.၇၉)တင်း ထွက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ မိုးစပါး စိုက်ပျိုးရာတွင် ဧရာမင်း၊ မနောသုခနှင့် ရွှေမနော် စပါးမျိုးများစိုက်ပျိုးထားကြောင်းနှင့် ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် (၃၅၉၉၄) ဧက၊ ကင်းတားဆည် ရေသောက်စနစ်ဖြင့်(၁၆၀၂၇)ဧက၊ သစ်တက္ကုန်းဆည် ရေသောက်စနစ်ဖြင့် (၄၃၆)ဧက၊ မိုးရေသောက် စနစ်ဖြင့် (၂၃၂)ဧက၊ မြေအောက်ရေစက်ရေတွင်းဖြင့်(၁၁၀)ဧက စုစုပေါင်း(၅၂၇၉၉)ဧက စိုက်ပျိုးထား ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)