မိတ္ထီလာ ဒီဇင်ဘာ ၂၉
မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် မီးလောင်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တောမကျေးရွာအတွင်းရှိနေအိမ်များကို တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာန မှသိရသည်။
ခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပွားစေရေးအတွက် ပြည်သူလူထုအပေါ်ကျ ရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးဘေးလုံခြုံရေးအတွက် ရပ်ကွက်ကျေးရွာများရှိ နေအိမ်များကို တစ်အိမ်တက်ဆင်း စစ်ဆေးအကြံပေးခြင်း၊ စက်ရုံအလုပ်ရုံများစစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များ လေ့ကျင့်မှု မပြတ်ရှိစေရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာမှ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ နေအိမ်များတွင် မီးလန့်မှု၊ မီးလောင်မှု မဖြစ်ပွားစေရန်နှင့် မီးလန့်မှုဖြစ်ပွားပါက မီးငြိမ်းသတ် နိုင်စေရန်အတွက် မီးဘေးလုံခြုံ ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်တို့က ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)