တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း (ရန်ကုန်) မှ ကျောင်းသား/သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ရန်ကုန်     ဒီဇင်ဘာ    ၂၉

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/သူလေးများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်း အချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး တာမွေ မြို့နယ်ရှိ နားမကြားသော ကလေးများ ကျောင်း (ရန်ကုန်)မှ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/သူများအား တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (ဒုတိယအကြိမ်) အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှ အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လာရောက် ထိုးနှံကြသည့် ကျောင်းသား/ သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)မှ ဆရာ/ဆရာမများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း ၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာမှ တန်းစီ စောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

“ကျွန်မတို့လို အကြားအာရုံချို့တဲ့သည့် ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ရောဂါ မဖြစ်အောင်လို့ ကာကွယ်ဆေး ထိုးနှံပေးတဲ့အပေါ် အရမ်းကို အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ နိုင်ငံ့အကြီးအကဲများနှင့် ဒီမှာ လာရောက်ထိုးနှံပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ ကျွန်မတို့အနေနဲ့လည်း အခုလို ထိုးနှံထားခြင်းအားဖြင့် တခြားသူတွေနဲ့ ပြောဆို ဆက်ဆံတဲ့အခါမှာ ကိုယ့်ကိုယ်ကို ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်မှာလည်း ဖြစ်ပါတယ် ”  ဟု ဆေးလာရောက်ထိုးနှံသူ ကျောင်းသူတစ်ဦးက လက်သင်္ကေတ ဘာသာစကားဖြင့် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)ကို ၂၀၁၄-ခုနှစ် ဇွန်လ(၉)ရက်နေ့က စတင်တည်ထောင်ဖွင့် လှစ်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသား(၁၅)ဦးနှင့် ကျောင်းသူ (၁၃)ဦး စုစုပေါင်း (၂၈)ဦးကို ပညာသင်ကြားပေးလျက်ရှိပြီး ၂၀၂၁-ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့က အဆိုပါ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)မှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူ (၁၁)ဦးကို (ပထမအကြိမ်) အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ယခုအခါ အဆိုပါ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများကို (ဒုတိယအကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

နိုင်လင်းအောင် (ပြန်/ဆက်)