ကျိုင်းတုံ ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းများကို ဒီဇင်ဘာ ၂၈ ရက်က မြို့လယ်ကျောက်တိုင်နှင့် အသွားအလာများသည့် နေရာများတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းအရှေ့၊ အမှတ်(၁၉)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ညီညီလှိုင် ဦးစီးပြီး ကျိုင်းတုံမြို့၊ အမှတ်(၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကြည်စိုးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များက မော်တော်ယာဉ်နှင့် ဆိုင်ကယ်စီးနှင်းသူများအား ဆိုင်ကယ်စီးလျှင် အရည်အသွေးပြည့်မှီသော ဆိုင်ကယ်ဦးထုပ်ဆောင်ရန်နှင့် မေးသိုင်းကြိုးစနစ်တကျ တပ်ဆင်ကြရန်၊ လက်ကိုင်ဖုန်းပြောပြီး ယာဉ်/ဆိုင်ကယ် မောင်းနှင်ခြင်းမပြုရန်၊ ကားမောင်းလျှင် မောင်းနှင်သူနှင့် ယာဉ်ပေါ်လိုက်ပါသူများ ထိုင်ခုံခါးပါတ် ပါတ်ပြီး မောင်းနှင်ကြရန်၊ အဝိုင်းပတ်ယာဉ်အား ဦးစားပေးရန်၊ လမ်းမကြီးယာဉ်အား ဦးစားပေးရန်၊ ယာဉ်များတွင် ပါဝါအိပ်ဇော တပ်ဆင်မောင်းနှင်ခြင်းမပြုရန်၊ သဲ/ကျောက်/မြေသယ် ယာဉ်များ၊ အမိုးအကာ လုံခြုံစွာအုပ်၍ မောင်းနှင်ရန်နှင့် အရှိန်ပြင်းမောင်နှင်ခြင်းမပြုရန်၊ အရက်သေစာ သောက်စားပြီး မောင်းနှင်ခြင်းမပြုရန်၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ရန်နှင့် ကြတ်မတ်စစ်ဆေး အသိပညာပေး ပြောကြားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းများကို ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးစေရေး အပတ်စဉ် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်