ကျောက်ဆည်မြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ပေး

ကျောက်ဆည်  ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်းနှင့်ဝန်ထမ်းများသည် မြို့နယ်အတွင်း ရပ်ကွက် (၁၀) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈၇) အုပ်စုတွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကလေးကျေးရွာနှင့် ဇရပ်ဖြူကျေးရွာ အုပ်ချုပ်ရေးမှူးတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အတွင်း၌ အေးမြကြည်လင်၊ ဈေးတန်း၊ စုကြီး၊ ဆူးကုန်း၊ ဖောင်ရွာ၊ ဘောဂဝတီ၊ မင်းရပ် ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၈၀) အုပ်စုတို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးမဲစာရင်းများပြုစုရာတွင် မဲစာရင်းတွင်အမည်ပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၂၄၀၄) ဦးအား အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသော်လည်း မဲစာရင်းများပြုစုရာတွင် နိုင်ငံသားစိစစ်ရေးအမှတ်များ ဖြည့်သွင်းရန်ကျန်ရှိနေသူ (၂၇၂၇) ဦးအား ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇) အုပ်စုတို့တွင်ဆောင်ရွက်ရန်ကျန်ရှိနေမှုများအား ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၉ ရက်တွင် သစ္စာစီမံချက်ဖြင့် အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုလဝကမှူး ဦးမျိုးလင်းခိုင်က ပြောပြ၍သိရသည်။

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)