မဘိမ်း ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ မြို့မဈေးမီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မဘိမ်းမြို့မဈေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုမီးသတ်ဦးစီးမှူး ဦးဇာနည်မျိုးက မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရန်အတွက် ကြိုတင် ကာကွယ်ရမည့်အချက်များ၊ ဈေးအတွင်းမီးငြိှမ်းသတ်ရန်အတွက် မီးသတ်ရေကန်နှင့် ရေစက်ထားရှိခြင်း၊ မီးသတ်ဆေးဘူးများ စနစ်တကျသုံးစွဲရန်နှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသုံးဆောင်ပစ္စည်းများ ထားရှိရေးတို့ကို ရှင်းလင်းဆွေးနွေးပြီး မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် မီးငြိှမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။ ဆက်လက်၍ မြို့မဈေး အတွင်း အသုံးပြုလျက်ရှိသော မီးသတ်ဆေးဘူးများ ကောင်းမွန်ခြင်းရှိ/မရှိနှင့် ဈေးအတွင်းရှိမီးငြိှမ်း သတ်ရေကန်နှင့် မီးငြိှမ်းသတ်ရေး ပစ္စည်းများ ကောင်းမွန်ခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြသည်။
မဘိမ်းမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းမြတ်ကျော်နှင့်ဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ ဒုမီးသတ်ဦးစီးမှူး ဦးဇာနည်မျိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချပ်ရေးမှူးများနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးမင်း