မိုးနဲမြို့၌ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ

မိုးနဲ ဒီဇင်ဘာ  ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ကျောင်းဝင်းအတွင်းရှိ အားကစားကွင်းနေရာ၌ ကျင်းပပြုလုပ်လျက်ရှိရာ ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 အားကစားပြိုင်ပွဲကို အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် အလွတ်တန်းအပြေးပြိုင်ပွဲမီတာ (၁၀၀/၂၀၀)၊ ဘောလုံးပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အိတ်စွပ်ပြေးပြိုင်ပွဲ၊ ပူစီ‌ဖောင်းဖောက်ပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိပြီး အားကစား ထူးချွန်ဆုများကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများကို အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များကို မှတ်မှတ်ထင်ထင်သိရှိစေခြင်း၊ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း၊ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတတ်စေခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေခြင်း၊ အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားတတ်ခြင်းစသည့် အကျိုးကျေးဇူးရရှိစေရန် ရည်ရွယ် ၍ ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 မျိုးညွန့်ရွှေ