ကော့မှူး ဒီဇင်ဘာ ၂၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဇာခြည်စိမ့်က မြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ များအား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနားလည်စေပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးများကို စတေးကာ ရယူပေးခဲ့ရသည့် လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတက်စေရန်နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း အကြောင်းအရာများ ၂၀၂၂ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ဦးတည်ချက်များအား ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်များ ခင်းကျင်း ပြသထားရာ စာပေချစ်မြတ်နိုးသူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုနေကြကြောင်း သိရသည်။
ကျော်သူရ ကော့မှူး