(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့်ပန်းချီ ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်  ဒီဇင်ဘာ  ၂၉

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးဌာနက ကြီးမှူး ကျင်းပသည့် တိုင်းအဆင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီ ပြိုင်ပွဲများကို ယမန်နေ့နံနက် ၈ နာရီတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း လသာ၊ မြညီလာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း​ဒေသကြီး အစိုးရအဖွဲ့ဝင်၊ သယံဇာတ​ရေးရာဝန်ကြီး ဦး​ဇော်ဝင်း၊ တိုင်ရင်းသား​ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းပညာရေးမှူး ဒေါ်နှင်းကြည်နှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဒေါ်မာလာရီနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တိုင်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပညာ​ရေးတက္ကသိုလ်​လေ့ကျင့်ရေး အထက်တန်း​ကျောင်းမှ​ ကျောင်းသား၊​ကျောင်းသူ​များက မြန်မာ့​ကျောင်းသီချင်းဖြင့်​ ဖျော်​ဖြေသီဆိုကြပြီး တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် ဥပ​ဒေချုပ် ဦး​ဌေး​အောင်က အဖွင့်အမှာစကား​ ပြောကြားရာတွင် လွတ်လပ်​ရေး​နေ့ ဖြစ်​ပေါ်​လာပုံ သမိုင်းအ​ကြောင်း အကျဉ်းပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်၊ ပြိုင်ပွဲများ ကျင်းပ​ပေးခြင်းအားဖြင့် အနာဂတ် ရင်သွေးငယ်များ လွတ်လပ်​ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနာလည်ပြီး မိမိတို့ရဲ့ ကိုယ်ရည်ကိုယ်​သွေးများကို လက်​တွေ့ပြသခွင့်ရကာ အနာဂတ်မျိုးဆက်သစ်​ ကျောင်းသား၊​ကျောင်းသူများ မျိုးချစ်စိတ်ဓါတ်ဖြစ်သည့် ပြည်​ထောင်စုစိတ်ဓါတ်များ ရှင်သန်ထက်မြက်ကာ နှောင်တစ်ချိန်တွင် နိုင်ငံ​တော်က အားထားရသည့် လူချွန်လူ​ကောင်းများ ဖြစ်လာကြမည်ဖြစ်​ကြောင်း​ ပြောကြားသည်။

ဆက်လက်၍ ခရိုင်အဆင့် ဆုရရှိသူများကို တိုင်း​ဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်း​ဒေသကြီး ဥပ​ဒေချုပ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများကို​ ပေးအပ်ကြပြီး အခမ်းအနားအဖွင့် မြန်မာ့​ကျောင်း သီချင်းနှင့် အခမ်းအနား

အပိတ်ဇာတိမာန်သီချင်း သီဆိုပေးကြသော ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများကို တိုင်း​ဒေသကြီး အစိုးရအဖွဲ့ဝင်၊ သယံဇာတ​ရေးရာဝန်ကြီး ဦး​ဇော်ဝင်းက အလှူ​ငွေကျပ် ငါးသိန်းကို​ ပေးအပ်လှူဒါန်းရာ ပါဝင်သီဆိုသူ​ ကျောင်းသား၊​ကျောင်းသူများက လက်ခံရယူခဲ့ကြသည်။

အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တိုင်းအဆင့် စာစီစာကုံး၊ ကဗျာ၊ပိုစတာနှင့် ပန်းချီပြိုင်ပွဲများကို ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်နေမှုအား ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဥပ​ဒေချုပ်၊ တိုင်းပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်သူ ၂၀ ဦး၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၀ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၂၀ ဦး၊ အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၂၀ ဦး၊ မူလတန်းအဆင့်ပန်းချီ ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၂၀ ဦး၊ စုစုပေါင်း ၁၀၀ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပြိုင်ပွဲများတွင် တိုင်းအတွင်းရှိ ခရိုင်(၄)ခရိုင်မှ အထက်တန်းကျောင်း ၄၀၈ ကျောင်း၊ အလယ်တန်းကျောင်း ၆၆၂ ကျောင်းနှင့် မူလတန်းကျောင်း ၁၆၈၈ ကျောင်းတို့မှ ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် အသီးသီးတို့တွင်၊ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများရရှိမည့် ကျောင်းသား၊ ကျောင်သူများအနေဖြင့် တိုင်းဒေသကြီးအဆင့် ဆု​​ပေးပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် အ-ထ-က (၄) အလုံ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

​အောင်မြင့်