ကျိုက်ထို ဒီဇင်ဘာ ၂၉
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲ ကျင်းပနိုင်ရန် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်း က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ် သွားမည်ဖြစ်၍ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ကြရန် ပြိုင်ပွဲများကိုလည်း စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားမှူး ဒေါ်ခိုင်ခိုင်မိုးမှ အားကစားပြိုင်ပွဲများကို ဖက္ကလိပ်ကျေးရွာ မိုးလုံလေလုံ အားကစားရုံတွင် ဇန်နဝါရီ ၁ ရက်နေ့နှင့် ၂ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်အားကစား ပြိုင်ပွဲကျင်းပရေးအဖွဲ့ဝင် ဦးကျော်ဇော်လင်းမှ အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဌာနဆိုင်ရာစာရင်းအား ဖတ်ကြားပြီး ဌာနတစ်ခုချင်းအလိုက် မဲနှိုက်ပေးခဲ့သည်။
အဆိုပါပြိုင်ပွဲများမှာ ဘော်လီဘော (ကျား/မ)၊ ပိုက်ကျော်ခြင်း(ကျား)၊လွန်ဆွဲ (ကျား/မ)၊ ထုပ်စည်းတိုး(မ)၊ အပြေးမီတာ (၁၀၀၊၂၀၀၊၄၀၀၊၈၀၀)ကျား/မ ပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)